အလှူပေး၊ အလှူခံ
ဒါနတော ဘောဂဝါ - အလှူဒါနပြုခြင်းကြောင့် ဥစ္စာစီးပွား ကြွယ်ဝချမ်းသာ၏။ ဒါနံ သဂ္ဂဿ သောပါနံ - အလှူဒါနသည် နတ်ပြည်သို့ သွားရာ လှေကားစောင်းတန်းကြီး ဖြစ်ပါသည်။ ဤအဆုံးအမများကို ပါဠိတော်နှင့် ဘာသာရေးစာအုပ်များတွင် များစွာတွေ့ရဖတ်ရပါသည်။ ဆရာတော်များဟောကြားသော တရားတော်များတွင်လည်း မကြာခဏ နာကြားမှတ်သားရပါသည်။ ဆရာတော်များက ဒကာဒကာမများကို ဆွမ်းသင်္ကန်းကျောင်းဆေး ပစ္စည်းလေးပါး လှူဒါန်းရန် တိုက်တွန်းနိုးဆော်သော စာသားစကားလုံးလေးများ ဖြစ်ပါသည်။
နိဗ္ဗာန်သို့ မရောက်ကြသေးမှီ သံသရာတစ်ခွင် ကျင်လည်စဉ်အခါမှာ ချမ်းချမ်းသာသာ နေနိုင်ထိုင်နိုင်ရန် သံသရာရိက္ခာထုပ်ကို အလှူဒါနပြုကြ၍ သယ်ဆောင်ကြရမည်ဟုဆိုပါသည်။ ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု - မိမိ၏ အလှူဒါနစသော ကုသိုလ်ကောင်းမှုသည် နိဗ္ဗာန်သို့ ရောက်ကြောင်း အထောက်အပံဖြစ်ပါစေဟု ဆုတောင်းပတ္ထနာပြု၍ အလှူပေးကြရမည်ဖြစ်ပါသည်။
ဗုဒ္ဓဘာဝင်သူတော်ကောင်းများက အလှူရေစက် လက်နှင့်မကွာ လှူဒါန်ကြသည်မှာလည်း ဝမ်းသာကြည်နူး အံဩချီးကျူးလောက်စရာပင် ဖြစ်ပါသည်။ ဒကာဒကာမများက သာသနာဝင် သူတော်စင် သံဃာအပေါင်းကို ပစ္စည်းလေးပါး လှူဒါန်းကြပြီး စေတီဘုရားပုထိုးတန်ဆောင်းများကိုလည်း ပြုပြင်ဆောက်လုပ် လှူဒါန်းကြပါသည်။ အလှူခံပုဂ္ဂိုလ်များကတော့ သံဃာတော်အပေါင်းနှင့် စေတီပုထိုး (စောင့်ရှောက်ကြသော ဂေါပက) များဖြစ်ကြပါသည်။
ဒကာဒကာမများသည် အလုပ်အကိုင် အဆင်ပြေလို့ စီးပွားရေးတိုးတက်ပါက အလှူပြုလုပ်ရန် ဝန်မလေးကြပါ။ စီးပွားရေးမကောင်း နှစ်စဉ် အကြပ်အတည်းနှင့် ကြုံတွေ့နေရသော်လည်း မိမိနှစ်စဉ်နှင့်အမျှ လှူဒါန်းသော ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်နှင့် နေစဉ်ဆွမ်းများကို မပျက်မကွက် လှူဒါန်နေကြသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။ စီးပွားရေးကောင်းသူအချို့က ကျောင်းကန်တန်ဆောင်း စေတီပုထိုးများကိုပင် ဆောက်လုပ်လှူဒါန်းကြပါသည်။ သားရှင်ပြု၊ သမီးနားထွင်းမင်္ဂလာများကိုလည်း သန်းပေါင်းများစွာ ကုန်ကျခံ၍ နှစ်စဉ် လှူဒါန်းနေကြပါသည်။
ဒကာဒကာမများ သံဃာတော်များ ဆွမ်းလှူဒါန်းကြရာတွင် သံဃာအများစုသည် ပြည်စုံရုံမျှမက ပိုလျှံကြပါသည်။ အနည်းငယ်မျှလောက်သာ ချို့တဲ့ကြပြီး ဆွမ်းပြတ်သောသံဃာတော်ဟူ၍ မရှိပါ။ ယခုခေတ်တွင် သင်္ကန်းများသည်လည်း သံဃာတော်များအတွက် ပေါများပါသည်။ သင်္ကန်းရှားပါး၍ ဝတ်စရာမရှိသောသံဃာ တစ်ခါမျှပင် မကြာဘူးပါ။ တစ်ချို့ကျောင်းများသည် အလွန်ဘုန်းကံကြီးမား၍ ဝါဆိုကထိန်သင်္ကန်းများ မြောက်များစွာရရှိကြပါသည်။ အချို့ကို ဘဏ္ဍာစားအဖြစ်ဖလှယ်ပြီး သံဃာတော်များ၏ နဝကမ္မနှင့် ကျောင်းဝေယျာဝစ္စ မီးဖိုးရေဖိုးစသည်ဖြင့် အသုံးပြုကြပါသည်။
ကျောင်းတိုက်တစ်တိုက်တွင် သံဃာတော်များ၏ ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း သံဃာတော်များ၏ နဝကမ္မနှင့် ဒကာများ၏ ထောက်ပံလှူဒါန်းမှုကြောင့် အခက်အခဲများစွာ မကြုံတွေ့ကြရပါ။ ဆွမ်း၊ သင်္ကန်း၊ ဆေးဝါးများကို လှူဒါန်းကြရတွင် ဒကာဒကာမများသည် တစ်နိုင်တစ်ပိုင်လှူဒါန်း၍ သံဃာတော်များကိစ္စပြီးမြောက်သဖြင့် အခက်အခဲများစွာမတွေ့ရပါ။ ကျောင်းတစ်ကျောင်းကို ဆောက်လုပ်လှူဒါန်းရာတွင် မြောက်များစွာကုန်ကျသဖြင့် တစ်ဦးတစ်ယောက်နှင့် မလွယ်ကူပါ။ အများဝိုင်းဝန်း၍ ဆောက်လုပ်လှူဒါန်းမှသာလျှင် ပြီးမြောက်နိုင်ပါသည်။ တစ်ဦးတည်းဒကာ သူဋ္ဌေးကြီးများ လှူဒါန်းထားသော ကျောင်းများလည်း ရှိပါသည်။
သံဃာတော်များအတွက် ဒကာဒကာမများက သန်းပေါင်းများစွာ လှူးဒါန်းကြပါသည်။ ဘာသာတရားအတွက် သာသနာအတွက် ဘဏ္ဍာငွေကြေးများကို သုံးစွဲကြရာတွင် ပစ္စုပ္ပန်သံသရာ အကျိုးရှိမရှိကို သေချာစွာ ညဏ်ဖြင့် ဝေဖန်စိစစ်ကြ၍ အသုံးပြုလှူဒါန်းကြဖို့လိုအပ်ပါသည်။ ပစ္စုပ္ပန်မှာ အများအတွက် အကျိုးများများရှိမှ သံသရာတွင် မိမိအတွက် အကျိုးများများရှိမည်ဖြစ်ပါသည်။ ဒကာဒကာမအများစုက ဘာသာသာသနာအတွက်ဆိုပြီး ပစ္စုပ္ပန်အကျိုးရှိရှိ မရှိရှိ မစဉ်းစားဘဲ လှူဒါန်းကြသည်။ ပစ္စုပ္ပန်အကျိုးနည်းလျှင် သံသရာမှာလည်း အကျိုးနည်းမည်ဖြစ်ပါသည်။
ပစ္စုပ္ပန်အတွက် အကျိုးရှိ မရှိကား မိမိလှူဒါန်းသော ပစ္စည်း၏ သံဃာတော်လူပုဂ္ဂိုလ်များအတွက် များများအသုံးကျမှု မကျမှုအပေါ်မူတည်နေပါသည်။ ဘာသာ၊ သာသနာအတွက် သန်းပေါင်းများစွာ ကုန်ကျသော စေတီပုထိုးကျောင်း ဓမ္မာရုံတန်ဆောင်းများကို လှူဒါန်းကြရာတွင် ပညာရှိသူတော်ကောင်း နားလည်တတ်ကျွမ်းသူများနှင့် တိုင်ပင်ညှိနိုင်း၍ ပြုလုပ်သင့်ပါသည်။ ကျောင်းတစ်ကျောင်းကို ဆောက်လုပ်လှူဒါန်းရာတွင် ကျောင်းရှိသံဃာအရေအတွက်၊ သံဃာတော်များပညာရေးအတွက် အသုံးကျမှု၊ ထိုကျောင်းကို အမှီပြု၍ ဒကာဒကာမများကို ဘာသာသာသနာရေး အသိပေးနိုင်မှု၊ အများအတွက် ရေတိုအကျိုးနှင့် ရေရှည်အကျိုးတို့ကို စဉ်းစား၍ လှူဒါန်းသင့်ပါသည်။
ဆရာတော်တပါးက ကျောင်းတိုက်တစ်တိုက်ကို ထူထောင်ရာတွင် ဒကာဒကာမများက သန်းပေါင်းများစွာကုန်ကျသော တိုက်တာအဆောက်အဦးများစွာကို ဆောက်၍ လှူဒါန်းကြသည်။ ဆရာတော်နှင့် ဝေယျာဝစ္စတပည့် သံဃာ(၅)ပါးတို့က ကျောင်းတိုက်ကြီးကို ထိန်းသိမ်းစောင့်ရှောက် နေကြသည်။ သံဃာတော်များကို ပင့်ဖိတ်၍ စာပေသင်အံပို့ချခြင်းကိုလည်း မပြုလုပ်ဘဲ တစ်နှစ်တစ်ခါ ဝါဆိုကထိန် ဒုလ္လဘရဟန်းခံရှင်ပြုအခမ်းအနားများတွင် အသုံးပြု၍ ကျန်အချိန်များတွင် သော့ခတ် ပိတ်ထားကြလေသည်။ ဤကဲသို့ မိမိ၏ သန်းပေါင်းများစွာသော သာသနာအတွက် ရင်းနှီးမြှုပ်နှံမှုသည် ပစ္စုပ္ပန် ဗုဒ္ဓဘာသာဝင် သံဃာတော် ရှင်လူများအတွက် အလွန်အကျိုးနည်းလှ၍ သံသရာတွင်လည်း အကျိုးပေးနည်းပေမည်။
အလှူခံ ဆရာတော်များကလည်း မိမိကိုအမှီပြုကြသော အလှူပေး ဒကာဒကာမအပေါင်း အကျိုှးှများများရှိအောင် အသုံချကြရမည်ဖြစ်ပါသည်။ သာသနာဝင် ရဟန်းသံဃာ ရှင်သာမဏေ သီလရှင်များ၏ ပညာရေးတိုးတက်စေမည့်လုပ်ငန်း၊ ဘာသာဝင် ကျောင်းသားလူငယ်များ၏ ဘာသာရေးအသိ ပညာရေးလုပ်ငန်းများ၊ ဒကာဒကာမများ၏ ဘာသာရေး အသိပညာပေးလုပ်ငန်းများအတွက် များများ အသုံးချနိုင်အောင် ဆောင်ရွက်ကြရမည်။ လူများများအတွက် အသုံးပြုရလို့ လူအများ၏ အသိညဏ်ပညာ တိုးတက်လာလျှင် တိုင်းပြည်လူမျိုးဘာသာ တိုးတက်လာပေလိမ့်မည်။
ဘုရားပရဝုဏ်အတွင်း၌ ဓမ္မာရုံ၊ တန်ဆောင်းများကို ဆောက်လုပ်လှူဒါန်းရာတွင်လည်း အဆောက်အဦး၏ ဘာသာဝင်များအတွက် များများအကျိုးရှိမည်ကို တွက်ချက်၍ ဆောက်လုပ် လှူဒါန်းသင့်ပါသည်။ ထိုအဆောက်အဦးများကို တရားဓမ္မများ သင်ကြားပို့ချ ဟောပြောဆွေးနွေးရေးအတွက် အကြိမ်များစွာ အသုံးပြုနိုင်လျှင် အကျိုးများစွာ ရရှိမည်ဖြစ်ပါသည်။ အသုံးချမှုနည်းလေ အကျိုးနည်းလေ ဖြစ်၍ ဝမ်းမြောက်အနုမောဒနာ ဖြစ်နိုင်မှု အလွန်နည်းပါသည်။
မြန်မာနိုင်ငံတွင် ဘာသာသာသနာအတွက် သန်းပေါင်းများစွာ ကုန်ကျခံဆောက်လုပ်ထားသော ဇရပ်တန်ဆောင်း ဓမ္မာရုံများစွာရှိပြီး ကောင်းစွာအသုံးမချနိုင်ဘဲ သော့ခတ်ထားကြရသည်မှာ သာသနာ လူမျိုးအတွက် အလွန်ကြီးမားသော ဆုံးရှုံးနစ်နာမှုဖြစ်သည်ကို လူတိုင်းသဘောမပေါက်နိုင်ကြသေးပါ။ မဆောက်လုပ်ရ မလှူရဟုမဆိုလိုပါ၊ အဘယ်ကဲသို့ ဘာသာသာသနာတိုင်းပြည်လူမျိုးအတွက် အကျိုးရှိသော အဆောက်အဦးများကို ဆောက်လုပ်ပြီး အဘယ်ကဲသို့ အကျိုးရှိအောင် အသုံးပြုကြမလဲ ဆိုသည်ကို အလှူပေးအလှူခံပုဂ္ဂိုလ်များ သဘောပေါက်နားလည်စေလိုခြင်းသာဖြစ်ပါသည်။
မင်းကွန်းဆရာတော်ကြီး၏ သူဋ္ဌေးဒကာတစ်ယောက်က မင်းကွန်းဒေသမှာ ဆရာတော်အတွက် ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းခြင်သည်ကို အကျိုးရှိအောင် ညွှန်ကြားဆောက်လုပ်စေသည်မှာ နည်းယူစရာဖြစ်ပါသည်။ ဆရာတော်က မိမိကျောင်းတွင် သီတင်းသုံးသံဃာတော်များပင်မရှိဘဲ သော့ခတ် သိမ်းဆည်းထားရသော ကျောင်းဆောင်သစ်များပင်ရှိနေသောကြောင့် မလိုအပ်ပါဟု မိန့်ကြားခဲ့ပါသည်။ သံဃာတော်များစာပေပရိယတ်များကို သင်ကြားပို့ချနေပြီး အမှန်လိုအပ်သော မန္တလေးတောင်ပြင် ကျောင်းတိုက်တစ်ခုတွင် ဆောက်လုပ်လှူဒါန်းရန် ညွှန်ကြားခဲ့ပါသည်။ ဒကာကလည်း ကြည်ဖြူစွာလက်ခံ၍ ထိုကျောင်းတိုက်တွင် ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။
ဆရာဒကာ အလှူခံ အလှူပေးပုဂ္ဂိုလ်များ၏ လက်တွဲညီညာ အမြှော်အမြင်ကြီးစွာဖြင့် သာသနာလူမျိုးအတွက် အကျိုးရှိအောင် အသုံးချသွားခြင်းပင် ဖြစ်ပါသည်။ ဒကာဒကာမအပေါင်းကလည်း မိမိလှူဒါန်းထားသော အဆောက်အဦးကို ပစ်မထားဘဲ အဘယ်မျှ အများအတွက်အသုံးချ၍ အကျိုးများသည်ကို စောင့်ကြည်လုပ်ကိုင်ရမည်ဖြစ်ပါသည်။ ဆရာတော်များကလည်း အကျိုးရှိအောင် အသုံချမည့်သူများရှိပါက ဝိုင်ဝန်းကူညီလုပ်ဆောင်ပံပိုးကြဖို့လိုအပ်ပါသည်။
စေတီပုထိုးကျောင်းကန်ပတ်လည်ရှိ တန်ဆောင်းဓမ္မာရုံများသည်လည်း များသောအားဖြင့် သော့ခတ်သိမ်းထားသော၊ ဖြစ်ခြင်ရာဖြစ်ပြစ်ထားသော အဆောက်အဦးများဖြစ်နေသောကြောင့် ဘာသာသနာလူမျိုးအတွက် အကျိုးမဲ့ဖြစ်နေပါသည်။ စောင့်ရှောက်ထိန်းသိမ်းကြရသော ဂေါပကလူကြီးများ အနေဖြင့် ဘာသာဝင် ကလေးလူကြီးမျာအတွက် အသိညဏ်ပညာပေးနိုင်သော နေရာဋ္ဌာနဖြစ်အောင် ပြုလုပ်ပေးနိုင်လျှင် တိုင်းပြည်နှင့်လူမျိုးအတွက် များစွာ အကျိုးကျေးဇူးရှိပေလိမ့်မည်။
အလှူပေးပုဂ္ဂိုလ်များကလည်း လူမျိုးဘာသာသာသနာအတွက် ပစ္စုပ္ပန်အကျိုးများမည် အဆောက်အဦးများကို စဉ်းစားရွေးချယ်၍ ဆောက်လုပ်လှူဒါန်းသင့်သလို အလှူခံ ဆရာတော်များနှင့် ဂေါပကလူကြီးမင်းများကလည်း လူမျိုးဘာသာသာသနာအတွက် လက်ငင်းအကျိုးများ အသီးအပွင့်ခံစားရမည့် အဆောက်အဦးများကို ဆောက်လုပ်လှူဒါန်းစေသင့်ပါသည်။ ရှိပြီးသော အဆောက်အဦးများကိုလည်း ထိန်းသိမ်းထားရုံမဟုတ်ဘဲ အကျိုးရှိအောင်အသုံးချဖို့ နည်းလမ်းကောင်းများရှာဖွေသင့်ပါသည်။
မြန်မာနိုင်ငံတွင် သာသနိကအဆောက်အဦးများ၏ တန်ဖိုးနှင့် တိုင်းပြည်လူမျိုးအတွက် ရရှိသော အကျိုးအမြတ်များကို ပြန်လည်စဉ်းစားသင့်ပါသည်။ နှစ်စဉ် ကထိန်ခင်းရသော တစ်နိုင်ငံလုံး၏ တန်ဖိုးပမာဏနှင့် ရဟန်းသံဃာပြည်သူတို့ ရရှိသော အကျိုးကျေးဇူးများကိုလည်း သာသနခေါင်းဆောင် ရှင်လူအပေါင်းများက သေချာစွာ စဉ်းစာပြီး လုပ်ကိုင်ဆောင်ရွက်ကြရန် အချိန်ရောက်နေပြီဖြစ်ပါသည်။
အလှူပေး အလှူခံပုဂ္ဂိုလ်များသည် စီးပွားရေးအမြင်ဖြင့် သာသနိကအဆောက်အဦးများကို ဘာသာသာသနာလူမျိုးအတွက် ပစ္စုပ္ပန်ရေတိုရေရှည်အကျိုးအမြတ်များကို မျှော်တွေးစဉ်းစားပြီး လုပ်ကိုင်ဆောင်ရွက်ကြမည်ဆိုလျှင် ပစ္စုပ္ပန်သံသရာနှစ်ဖြာသောကောင်းကျိုးများကို ရရှိခံစားကြရမည် ဖြစ်ပါသည်။ သို့မှသာ ဒါနတော ဘောဂဝါ၊ ဒါနံ သဂ္ဂဿ သောပါနံ၊ ဒါနံ နိဗ္ဗာနဿ ပစ္စယော ဟောတု ဆိုသော ဘုရားဟော ဒေသနာတော်နှင့် ကိုက်ညီကြပေလိမ်မည့်ဖြစ်ပါသည်။
လိုက်နာကျင့်သုံး ရွှင်ပြုံးချမ်းသာကြပါစေ။