Thursday, July 1, 2010

အသွင်ပြောင်းရမည့် ခေတ်ဘုန်းတော်ကြီးကျောင်း

အသွင်ပြောင်းရမည့် ခေတ်ဘုန်းကြီးကျောင်း
မြန်မာနိုင်ငံတွင် ရှေးအခါက မြန်မာလူမျိုး တိုင်းရင်းသားအပေါင်းတို့သည် ပညာရေးကို ဘုန်းတော်ကြီးကျောင်းများတွင် လေ့လာသင်ယူကြရသည်။ မင်းသား၊ နန်းတွင်းသားများမှ အစ တောသူတောင်သား လယ်သမားများအဆုံး အားလုံးသောသူတို့သည် အရွယ်ရောက်လာသည်နှင့် ဘုန်းကြီးကျောင်းသို့ လာရောက်ကြရသည်။ မိဘများကလည်း မိမိတို့၏ သားသမီး နောင်ရေး ပညာတတ်ကြီးဖြစ်လာဖို့ မျှော်တွေးပြီး နန်းဦးဆရာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း ဆရာတော်များထံ အပ်နှံကြရသည်။
မင်းသား၊ နန်းတွင်းအမှုထမ်း၊ ရွာသူကြီး အရာထမ်းများအားလုံးသည် ဘုန်တော်ကြီးကျောင်းထွက်များ ဖြစ်ခဲ့ကြသည်။ ဘာသာရေး အဆုံးအမရှိသူများသည် ဘာသာတရား ဆရာသမားများကို ရိုသေလေးစားကြသည်။ ဘာသာရေးအဆုံးအမများကို လက်တွေ့အလုပ်ခွင်၊ နေ့စဉ် ဘ၀တွင်လည်း ကျင့်သုံးကြသည်။
သူ့ခေတ် သူ့အခါက ဘုန်းတော်ကြီးကျောင်း ပညာရေးသည် မြန်မာလူမျိုးတို့အတွက် ဘဝမီးရှူးတန်ဆောင်ဖြစ်ခဲ့သည်။ လောကီလောကုတ္တရာ နှစ်ဖြာကောင်းကျိုး ဘဝငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်ခဲ့သည်။ ထို့ကြောင့် နန်းဦးဆရာတော်နှင့် ရွာဦးကျောင်းဆရာတော်များသည် နိုင်ငံတော်နှင့် ကျေးရွာပြည်သူလူထု၏ အားထားကိုးကွယ်ရာ ခေါင်းဆောင်ကောင်းများ ဖြစ်ခဲ့ကြသည်။
ဆရာတော်များ၏ အမိန့်သြဇာသက်ရောက်မှုမှာ အလွန်ထိရောက်ခဲ့ပါသည်။ ရပ်ရွာလူအပေါင်းကလည်း အလွန်လေးစား နာယူခဲ့ကြသည်။ စင်စစ် ထိုခေတ် ထိုအခါက ရပ်ရွာ မြို့နယ် တိုင်း နန်းတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသည် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် ကျောင်းတော်ကြီးများ ဖြစ်ခဲ့ကြပါသည်။ ဆရာဒကာ၊ ဆရာတပည့် အပြန်အလှန် အမှီသဟဲပြုကာ ညီညွတ်အေးချမ်းစွာ နေနိုင်လာခဲ့ကြပါသည်။
ယခုခေတ်အခါ ဘုန်းတော်ကြီးကျောင်းများတွင် ကျောင်းသာများ တဖြည်းဖြည်း နည်းပါးလာသည်။ ဗုဒ္ဓဘာသာဝင်မိဘများကလည်း မိမိတို့၏ကလေးများကို ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်အပ်နှံ ပညာမသင်ကြားစေတော့ပါ။ ဘုန်းတော်ကြီး ကျောင်းများကလည်း ဘာသာဝင် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ အတွက် ဘဝအာမခံချက်ပေးနိုင်သော ပညာရေးကို သင်ကြားမပေးနိုင်တော့ချေ။ ခေတ်စနစ်အလိုက် မိဘများကလည်း ဘဝအာမခံချက်ရှိသော အစိုးရကျောင်းများသို့သာ သွားရောက်အပ်နှံ ပညာသင်ကြားစေတော့သည်။
တပည့်ကျောင်းသား ကိုရင်မရှိသော ကျောင်းများတွင်လည်း ဆရာတော်များသည် သာသနာအရေး မျှော်တွေးမစဉ်းစားဘဲ အဆင်ပြေ သက်သာသလိုသာ နာမှုသာမှုလိုက်၍ အချိန်ကုန်လွန်သွားကြရလေသည်။ တိုးတက်မှုကို မမြင်တွေ့ရတော့ဘဲ ဆုတ်ယုတ်မှုသာ တနှစ်ထက် တစ်နှစ် တွေမြင်လာနေရသည်မှာ နောင်အနာဂါတ်မျိုးဆက် သာသနာတော်အတွက် အတော်ကို ရင်လေးစရာဖြစ်နေပါသည်။
အကျိုးဆက် အနေဖြင့်ကတော့ ဘုန်းတော်ကြီးကျောင်းများတွင် စာသင်ကျောင်းသားများ မရှိတော့ ကိုရင်/ရှင်သာမဏေများလည်း ဖြစ်ပေါ်လာနိုင်တော့မည်မဟုတ်ပေ။ ရှင်သာမဏေမရှိ၍ ဦးဇင်းငယ် ရဟန်းတော်များလည်း မရှိနိုင်တော့ချေ။ သို့အတွက်ကြောင်း အချို့သော အရပ်ဒေသများတွင် ကျောင်းထိုင် ဘုန်းကြီးများမရှိ ကျောင်းကြီးအတိုင်းပင် ပြတိုက်သဖွယ် ဖြစ်နေပါတော့သည်။
မိဘများက သားသမီးများကို ဘုန်းတော်ကြီးကျောင်းများတွင် စာပေမသင်ကြားစေတဲ့ အခါမှာ ဆရာတော်များကလည်း ကျောင်းမှာ ကျောင်းသားမရှိလျှင် ပညာရေးအတွက် ဘာမျှမလုပ်ဘဲ ရိုးရာအတိုင်း သာမှုနာမှုကိစ္စလောက်အတွက်သာ အားထုတ်နေကြမည်ဆိုလျှင် ဘာသာရေး၏ အနှစ်သာရများကို ဘာမျှမသိဘဲ နောက်ဆုံးမှာတော ဗုဒ္ဓဘာသာ မြန်မာတိုင်းဖွား အမျိုးကောင်းသား အမျိုးကောင်းသမီးများသည် ဘုရားစွန့် တရားစွန့်သံဃာကိုပင်စွန့်၍ ဘာသာတရားပင် ပျက်စီးပျောက်ကွယ်တော့မည်ဖြစ်ပါသည်။
ဘုန်းတော်ကြီးကျောင်းများတွင် ဆရာတော်များအနေဖြင့် ကလေးငယ်များအတွက် လုပ်ဆောင်ပေးရမည့် တာဝန်သုံးရပ်ရှိပါသည်။ ယနေ့ ကျောင်းသားကလေးငယ်များ၏ စိတ်ဓာတ်ကောင်းများမွေးမြူတတ်လာအောင်၊ စည်းကမ်းများ စနစ်တကျရှိလာအောင်၊ ပညာရေးအဆင်အတန်းမြင့်မားလာအောင် သွန်သင်ညွှန်ကြားဆုံးမပေးရမည့် တာဝန်များ ဖြစ်ကြပါသည်။ စိတ်ဓာတ်ကောင်း၊ စည်းကမ်းရှိ၊ ပညာတော်သောကျောင်းသားလူငယ်များစွာ ပေါ်ထွန်းလာမှသာ နောင်တစ်ချိန်ဝယ် တိုင်းပြည်အတွက် အားကိုးအားထားရသော ဗုဒ္ဓဘာသာဝင် လူတော်လူကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ပါသည်။
ယခုခေတ်ဆရာတော်များသည် ရှေးဆရာသမားများကဲ့သို့ စာပေသင်ကြားမှုကို မပြုလုပ်နိုင်ကြတော့ဘဲ တပည့်ကျေးရွာအပေါ် သြဇာသက်ရောက်မှုမှာလည်း တဖြည်းဖြည်း ကျဆင်းလာပါသည်။ ဆရာတော်များကြောင့် ရွာတောင်ပိုင်းနှင့်မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့်အနောက်ပိုင်း၊ အထက်ပိုင်းနှင့်အောက်ပိုင်း ဒကာဒကာမများ ကွဲပြားနေကြရသလို ဒကာဒကာမများကြောင်း အရှေ့ကျောင်းနှင့်အနောက်ကျောင်း၊ တောင်ကျောင်းနှင့် မြောက်ကျောင်း၊ အတွင်းကျောင်းနှင့် အပြင်ကျောင်း ဆရာတော်များ ကွဲပြားနေကြရသည်။ ခေတ်စနစ်ကြောင့် မဟုတ်ဘဲ မိမိစေတနာ အလုပ်၏ အကျိုးဆက်များကြောင့်သာ ဖြစ်ပါသည်။
ကျောင်းထိုင်ဆရာတော်၊ သံဃာတော်များသည် မြို့နယ်၊ ကျေးရွာအသီးသီး၏ ဘာသာရေး လူမှုရေး ခေါင်းဆာင်များဖြစ်ကြပါသည်။ ခေါင်းဆောင်တို့မည်သည် လူအများ၊ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်ရသူများ ဖြစ်သောကြောင့် ပညာပြည့်ဝ နှစ်လုံးလှဖို့၊ အားလုံးသော အဖွဲ့ဝင်များ၏ ဟန်ပြပုဂ္ဂိုလ်မဟုတ်ဘဲ၊ စံပြပုဂ္ဂိုလ်ဖြစ်ဖို့ အလွန်ပင် အရေးကြီးပါသည်။ ဘာသာရေးနယ်ပယ်တွင် အဆင့်မြင့်သူများပီပီ ကိုယ်ကျင့် တရားကိုလည်း စာတွေ့မဟုတ်ဘဲ၊ လက်တွေ့ အဆင့်မြင့်မြင့်လိုက်နာ ကျင့်သုံးကြရမည်ဖြစ်ပါသည်။
ယနေ့ခေတ် ဘုန်းတော်ကြီးများသည် ရေရှည်အနာဂါတ်မျှော်မှန်းချက်များမရှိဘဲ လမ်းဟောင်းအတိုင်းသာ မျှော၍လိုက်နေကြသည်။ တိုးတက်မှုအတွက် ပြုပြင်ရမည်များကို မပြုလုပ်ကြသောကြောင့် အချိန်သာကုန်၍ ဆုတ်ယုတ်မှုများကိုသာ တစ်နှစ်ထက်တစ်နှစ် တွေ့မြင်နေရပါသည်။ လူမျိုးဘာသာ သာသနာအတွက် မိမိတို့၏ အလုပ်ကို အနာဂါတ်တိုးတက်အောင်မြင်မှု မျှော်မှန်းချက်ထား စီမံကိန်းချ၍ လုပ်ဆောင်ကြရမည်ဆိုသော စနစ်ကို ကောင်းစွာနားလည် မကျင့်သုံးနိုင်ကြသေးပေ။ နှစ်တိုနှစ်ရှည်စီမံကိန်းများ ချမှတ်၍ အကောင်အထည်ဖော် လုပ်ဆောင်နိုင်လျှင် တိုးတက်အောင်မြင်လာမည် ဖြစ်ပါသည်။
ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ မဆိုကြဘဲ ငါလို့ဖြစ်အောင် ကြိုးစားကြဟေ့လို့ ပြောနိုင်ဆိုနိုင်အောင် ကျင့်သုံးနေထိုင်ကြရမည်။ ခေါင်းဆောင်ပီပီ အများက ယုံကြည်နိုင်လောက်သော ကိုယ်ကျင့်တရားရှိဖို့တော့ လိုအပ်ပါသည်။ ကိုယ်ကျင့်တရားကောင်းလျှင် ပွဲလယ်တင့်၍ လူပုဂ္ဂိုလ်ဖြစ်ဖြစ် မည်သူမဆို ကြည်ညိုလေးစား အလေးထားခြင်းခံရမည်ဖြစ်ပါသည်။ အဖွဲ့အစည်း နောက်လိုက်လူအများ၏ ယုံကြည်အားကိုးစိတ်ချရသော ခေါင်းဆောင်းများအဖြစ်ဖြင့် တိုးတက်အောင်မြင်အောင် ကိစ္စအဝဝကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ဆရာတော် သံဃာတော်များသည် မိမိနေထိုင်သီတင်းသုံးရာဒေသ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး ဖွံဖြိုးတိုးတက်ဖို့ရန် မိမိမှာ တာဝန်ရှိသည်ဟု သဘောထား၍ ခေတ်စနစ်နှင့်အညီ ဆောင်ရွက် နေထိုင်ကြဖို့ လိုအပ်ပါသည်။ မိမိတို့၏နောက်တွင် နောက်လိုက်များရှိသည်ကို သိထားရမည်ဖြစ်ပါသည်။ အာနည်းချက် အားသာချက် ပံပိုးကူညီမှု ပြစ်တင်ခြိမ်းခြောက်မှုများကို သတိထားအသုံးချတတ်ပြီး အများနှင့် ဝိုင်းဝန်းဆောင်ရွက်ပါက မိမိမျှော်မှန်းထားသော လုပ်ငန်းဆောင်တာများ အောင်မြင်မည်မှာ မလွဲနိုင်ပါ။
ဆရာတော်များလုပ်နိုင်လုပ်ကောင်းသော လူမှုရေးလုပ်ငန်းများသည် လမ်းဖောက် လမ်းခင်းခြင်း၊ တံတားဆောက်ခြင်း၊ နာရေးကူညီမှုအသင်း ဖွဲ့စည်းတည်ထောင်ဆောက်ရွက်ခြင်း၊ အများပြည်သူ ကျန်းမာရေး စောင်ရှာက်မှုပေးခြင်း၊ ပညာသင်ကြားပေးခြင်းစသည်တို့ဖြစ်ကြပါည်။ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ရာတွင်လည်း အများကို တာဝန်ခွဲဝေချထား ဆောင်ရွက်တတ်ကြရပါမည်။
ပညာရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ကြမည်ကို အထူးသတိပြုကြရမည်။ ပညာရေး အဆင့်အတန်းမြင့်တက်လာသည်နှင့်အမျှ မိမိတို့၏ ဘဝအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်သည်။ သူတစ်ပါးကို ပညာပေးမည်ဆိုလျှင် မိမိတို့မှာ ပေးနိုင်သည့် ပညာရှိဖို့တော့လိုပါသည်။ ထို့ကြောင့် ငယ်စဉ်အခါ ပညာရှာသည့်အချိန်ကပင်လျှင် ပညာပြည့်ဝအောင် ကြိုးစားကြရမည်။ ခေတ်နှင့်အညီ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်များကိုလည်း တတ်မြောက်အောင် လေ့လာသင်ယူထားကြရမည်။ အကြောင်းအကျိုးမသင့်လို့ ပညာရေးချို့တဲ့နေလျှင် စွမ်းနိုင်သည့်သူများကို အားပေးတိုက်တွန်း၍ အတူတကွ လက်တွဲလုပ်ဆောင်နိုင်ကြရမည်။
ယနေ့ခေတ် လူအဖွဲ့အစည်းတွင် ဘာသာဝင်များ၏ ပညာရေးအဆင့်အတန်းကို မြင့်တင်ရန် အလွန်အရေးကြီးပါသည်။ အဆင့်မြင့်ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကို တတ်မြောက်အောင် ကောင်းစွာသင်ယူ သင်ကြားပေးရမည်။ ဆရာတော်များအနေနှင့် မိမိရပ်ရွာရှိ ကျောင်းသားလူငယ်များ၏ အခြေခံပညာရေးကို ခိုင်မာအောင်ထူထောင်ပေးပြီး အဆင့်မြင့် ပညာရေးကို လမ်းညွှန်ပေးနိုင်ကြရမည်။ အခြေခံပညာအဆင့်ရှိလူများနှင့် တည်ထောင်ထားသော အဖွဲ့အစည်းသည် အဆင့်မြင့်ပညာအဆင့်ရှိလူများနှင့် တည်ထောင်ထားသော အဖွဲ့အစည်းကဲသို့ အရာရာတွင် အဆင့်အတန်းမြင့်မားမည်မဟုတ်ပေ။
ထို့ကြောင့် မိမိတို့ အဖွဲ့အစည်းကို အဆင့်မြင့်ပညာတတ်များနှင့် တည်ထောင်ထားသော အဖွဲ့အစည်းဖြစ်အောင် ကြိုးစားလုပ်ဆောင်ကြရမည်။ ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသာလူငယ်များ၊ ရှင်သာမဏေ၊ ဦးဇင်ငယ်များသည် လောကီလောကုတ် အဆင့်မြင့်ပညာများတတ်မြောက်ဖို့လိုသလို၊ ဘုန်းတော်ကြီးကျောင်းထွက် ဗုဒ္ဓဘာသာဝင် လူကြီးလူငယ်များလည်း အဆင့်မြင့်ပညာတတ်များ ဖြစ်ဖို့လိုအပ်ပါသည်။
ဆရာတော်များအနေနှင့် မိမိတို့ရပ်ရွာဒေသများတွင် ကိုယ်ကျင့်တရားများကို လိုက်နာကျင့်သုံးနိုင်စေရန် ဗုဒ္ဓဘာသာအခြေခံစာပေများနှင့် အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်များကို သင်ကြားပေးနိုင်မည်ဆိုလျှင် ဘုန်းတော်ကြီးကျောင်းများ၏ ပညာရေးကဏ္ဍသည် ပြန်လည်သက်ဝင်လာမည်ဖြစ်ပါသည်။ ဘာသာရေး စာပေတစ်ခုတည်းကိုသာ သင်ကြားပေးရုံမျှဖြင့် ဆရာတပည့် ဆရာဒကာထိတွေ့မှုများ ကောင်းစွာပြန်လည်ရရှိလာမည် မဟုတ်ပါ။
ဆရာဒကာ ထိတွေ့ လက်တွဲမှုရှိမှသာ ဘာသာရေးသင်ကြားဆုံးမမှုများပေးနိုင်ပြီး ဘသာသာသနာ လူမျိုးတိုးတက်ရေး ကိစ္စများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ဘာသာရေးအဆုံးအမများကို သင်ကြာပေးရာ၌ နေ့စဉ်လူနေမှုဘဝတွင် ကိုယ်ကျင့်တရားများ လက်တွေ့ကျင့်သုံးနိုင်မှုကို အဓိကထား သင်ကြားပေးကြရမည်။ ကိုယ်ကျင့်တရားများကို လက်တွေ့ကျင့်သုံးပြီး အကျိုးတရာများကို ခံစားလာသောအခါ သင်ဆရာများနှင့်ဘာသာတရား၏ ကျေးဇူးတရားများကို နားလည် သဘောပေါက်လာကြမည်။
ဆရာတော်သံဃာတော်များကလည်း ဘုရားရှင်ဆုံးမတော်မူအပ်သော လောကီ လောကုတ္တရာ နှစ်ဖြာကြီးပွားတိုးတက်ကြောင်း အဆုံးအမလမ်းညွှန်မှုများပေးနိုင်ပြီး၊ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများကလည်း ကြည်ဖြူနှစ်ခြိုက်သဘောကျစွာ နာယူလက်ခံကျင့်သုံးနိုင်ကြမည်ဆိုလျှင် မြန်မာနိုင်ငံတော်ကြီးသည် ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးတစ်ခုအဖြစ် ပေါ်ပေါက်လာပြီး ဘာသာသာသနာသည်လည်း နေလိုလလို ထွန်းလင်းတောက်ပြောင် လာတော့မည် ဖြစ်ပါသည်။
ယနေ့ခေတ် အမြင်ကျယ် စိတ်ကောင်းရှိ ပညာတတ်ကြကုန်သော သံဃာတော်များနှင့် လူငယ်များ အမျိုးဘာသာသာသနာအတွက် ဆရာဒကာ လက်တွဲညီညာစွာဖြင့် ဝိုင်းဝန်းဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုလျှက်………
လိုက်နာကျင့်သုံး ရွှင်ပြုံးချမ်းသာကြပါစေ။
အရှင်ဣန္ဒဝံသ(ငဖဲ)

တို့မြေဋ္ဌာနီ၊ ရှေးခါဆီဝယ်၊ မထေရ်အပေါင်း၊ စံရာကျောင်းမှ၊ ငြိမ့်ငြောင်းသာယာ၊ မိန့်အာဏာကို၊ ရပ်ရွာလူများ၊ လွန်လေးစားခဲ့။ ခုကားသို့နှယ်၊ မဟုတ်ကွယ်၍၊ နယ်ပယ်ပေါက်ဖွား၊ အမျိုးသားတို့၊ ဘုန်းဘုရားကျောင်းတွင်၊ စာမသင်တော့။
ဤသည့်တိုင်းသာ၊ နှစ်ပေါင်းကြာလျှင်၊ မြန်မာတိုင်းဖွား၊ အမျိုးသားတို့၊ ဘုရားကိုစွန့်၊ တရားစွန့်၍၊ စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း။
သို့တွက်များပြား၊ ဘုန်းဘုရားတို့၊ တရားကိုကျင့်၊ လုံအောင်ကျင့်၍၊ မလင့်စေရ၊ ကိုယ့်ဒေသ၌၊ သိပ္ပဝိဇ္ဇာ၊ ပြသင့်ရာကို၊ ကောင်းစွာပိုင်ပိုင်၊ ပြသနိုင်မှ၊ ဘုန်းလှိုင်ဟောပြ၊ သြဝါဒကို၊ စိတ်ကကြည်ဖြူ၊ လိုက်နာယူလျှက်၊ ကိုယ်မှုနှုတ်ပြောင်း၊ စိတ်လည်းကောင်း၍၊ နောက်နှောင်းသာသနာ၊ ပြည်မြန်မာသည်၊ ရှည်ကြာနေသို့- ထွန်းမည်ကိုး…..။ မဟာဂန္ဓာရုံဆရာတော်